မြေရောင်းချင်တာပဲဖြစ်ဖြစ် ဝယ်ချင်တာပဲဖြစ်ဖြစ် မိတ်ဆွေဒါတွေသိထားဖို့ လိုမယ်နော်


            မြေဝယ်ချင်တဲ့ မိတ်ဆွေများအတွက် မြေမဝယ်ခင် ကိုယ်ဝယ်မဲ့ မြေကွက်က ဘယ်လိုမြေအမျိုးအစားလဲ ခိုင်လုံမှုရှိ/ မရှိ အရင်လေ့လာပြီးမှ ဝယ်တာအကောင်းဆုံးပါပဲ။ မိတ်ဆွေတို့ ဘယ်လိုမြေအမျိုးအစားဝယ်သင့်သလဲ ကိုယ်ဝယ်လိုက်တဲ့ မြေက ပြန်ရောင်းလို့ ရပါမလား။

(၁) ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ)

         မိတ်ဆွေတို့ အများစု ကြားဖူးနေကျ ဘိုးဘွားပိုင်မြေဆိုတာ -

မြန်မာနိုင်ငံကို ကိုလိုနီခေတ်က မြို့ကွက်များကို ပြင်ဆင်ချဲ့ထွင်ပြီး ပြည်သူတွေကို ရောင်းချခဲ့တဲ့အချိန် ဝယ်ယူထားတဲ့ မြေနဲ့ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေအရ လယ်ယာ ဥယျာဉ်ခြံမြေမှ ပြောင်းလဲလာနိုင်တဲ့မြေကို ဆိုလိုတယ်။

 အဆိုပါ မြေအား ရောင်း/ ပေါင်/ လွှဲပြောင်း/ ခွဲစိတ်နိုင်သည်။

(၂) ဂရန်မြေ (မြေငှားစာချုပ်မြေ)

         မိတ်ဆွေတို့ ဂရန်မြေဆိုတာ -

အင်္ဂလိပ်အစိုးရလက်ထက် အစိုးရထံက မြေမဝယ်ယူနိုင်တဲ့ သူတွေကို မြေငှားခ သတ်မှတ်ပြီးတော့ အငှားချထားတဲ့ မြေနဲ့ ချထားမြေ၊ စကွာတာမြေ၊ ရွာမြေတို့ကနေ ပြောင်းလဲလာနိုင်တဲ့မြေကို ခေါ်ပါတယ်။

    အဆိုပါမြေကို ရောင်း/ ပေါင်/ လွှဲပြောင်း/ ခွဲစိတ်နိုင်သည်။

(၃) ချထားမြေ (ပါမစ်မြေ)

         မြေငှားစာချုပ်မရှိလည်းပဲ နိုင်ငံတော်မှ ချထားပေးတဲ့မြေ။ တစ်ချိန်ချိန်မှာ မြေငှားစာချုပ် ထုတ်ပေးနိုင်တဲ့ အလားအလာရှိတယ်။

ဥပမာ - တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ။

    ၎င်းမြေကို ရောင်း/ ပေါင်/ လွှဲပြောင်းနိုင်ခွင့်မရှိပါ။

(၄) ကျူးကျော်မြေ (ကျူးဂရန်)

         မြေငှားစာချုပ် မရှိ၊ သက်ဆိုင်ရာက ချပေးခြင်းမရှိ။ အသုံးမပြုတဲ့ အစိုးရမြေ (ဒါမှမဟုတ်) ပုဂ္ဂလိကမြေပေါ်မှာ ကျူးကျော်ဆောက်လုပ်နေထိုင်တဲ့ မြေများ-

အဆိုပါ ကျူးကျော်မြေများကို နိုင်ငံတော်က စိစစ်ပြီး စီမံကိန်းတစ်ရပ်ရပ် လိုအပ်ရင် ဖယ်ရှားခံရပါမယ်။ မလိုအပ်ရင်တော့ သင့်လျော်တဲ့ အခွန်အခသတ်မှတ်ပြီးတော့  ကျူးဂရန်အဖြစ် သတ်မှတ်ကာ မြေငှားခထမ်းဆောင်စေပါတယ်။

အဆိုပါမြေကွက်အား ရောင်း/ ပေါင်/ လွှဲပြောင်း/ ခွဲစိတ်ပိုင်ခွင့် မရှိပါ။

(၅) သာသနာပိုင်မြေ

          ဝတ္တကမြေ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်း စသဖြင့် ကိုးကွယ်ဝတ်ပြုမှု ဘာသာရေးနှင့် ပတ်သက်ဆက်စပ် မြေ ကို ခေါ်ဆိုပါတယ်။

(၆) လယ်ယာဥယျာဉ်မြေ

          လယ်ယာဥယျာဉ် စိုက်ပျိုးလုပ်ကိုင်ရန်အတွက်သာ အသုံးပြုခွင့်ရတယ်။ လယ်ယာမြေဥပဒေသစ်ပြဌာန်းပြီးနောက် လယ်ယာများကို လွှဲပြောင်းရောင်းချနိုင်ပါတယ်။

           လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ ပုဒ်မ ၃(ခ)အရ လယ်ယာမြေဆိုတာ နိုင်ငံတော်က အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့်လယ်ယာ လုပ်ကိုင်နိုင်တဲ့ မြေရိုင်းများနဲ့ လယ်ယာကိုင်းကျွန်း ဥယျာဉ်စိုက်ပျိုးမှုနှင့် အသက်မွေးမှုကို အထောက်အပံ့ဖြစ်စေတဲ့ အမှုကိစ္စများအတွက်ဖြစ်စေ၊ ယင်းသို့ စိုက်ပျိုးမှုနဲ့ အသက်မွေးမှု၏ အထောက်အပံ့ဖြစ်သော အမှုကိစ္စများအတွက်ဖြစ်စေ လက်ရှိထားသည့်၊ သို့တည်းမဟုတ် သာမန်လုပ်ကိုင်သည်၊ သို့တည်းမဟုတ် အငှားချထားပြီးသော မြေကိုဆိုလိုတဲ့အပြင်၊ ထိုစကားရပ်မှာ ထိုမြေပေါ်က လူနေအိမ်များနှင့် အခြားအဆောက်အအုံများပါဝင်ပါတယ်။

          သို့ရာတွင် မြို့ရွာအတွင်းတည်ရှိတဲ့ လူနေအိမ်ရာအဖြစ် လက်ရှိထားရှိသော မြေမပါဝင်ပါ။ (ပုဒ်မ-၃ “ခ”)

          အထက်ပါပုုဒ်မ ၃(ခ)အဓိပ္ပါယ်သတ်မှတ်ချက်မှာ မပါဝင်၊ အကျုံးမဝင်မှသာ လူနေရပ်ကွက်အဖြစ် သတ်မှတ်ပါတယ်။

ပုဒ်မ (၃၉) ဆိုတာက

         လယ်ယာမြေကနေ လူနေရပ်ကွက်အဖြစ် မြို့မြေစာရင်းဝင် သတ်မှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

 ထိုမြေအား လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ ပုဒ်မ ၃(ခ) နဲ့ အကျုံးမဝင်တော့ဘဲ လန-၃၉ (ပုဒ်မ-၃၉) နဲ့ သတ်မှတ်ပြီးတဲ့ မြေမျိုးသာ ရောင်း/ ပေါင်/ လွှဲပြောင်း/ ခွဲစိတ် နိုင်ပါတယ်။