အိမ်ခြံမြေ သတင်း

မန်းအိမ်ခြံမြေ လမ်းမဘေးမြေကွက်ကျယ်နဲ့ စက်မှုဇုန်ဧကကွက်တွေ အငှားလိုက် ဈေးတက်




အိမ်ခြံမြေရောင်းဝယ်ငှားရာသီအစ မန္တလေးအိမ်ခြံမြေ ဈေးကွက်မှာ တိုက်ခန်း၊ လုံးချင်းအိမ်ရာတွေအပြင် စက်မှုဇုန်တွေဘက်က ဧကကွက်တွေပါ ဒီရက်ပိုင်း အငှားသွက်နေတယ်လို့ အကျိုးဆောင်လုပ်ငန်းအချို့က သိရပါတယ်။


' အငှားဈေးကွက်ကတော့ တိုက်ခန်း၊ လုံးချင်းတင်မဟုတ်ဘူး၊ ဂိုဒေါင်ရော

စက်မှုဇုန်က ဧကကွက်ရောအကုန် သူ့ဟာနဲ့သူ အသီးသီးဖြစ်ကြတယ် ' လို့ ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက ပြောပါတယ်။ ဇွန်၊ ဇူလိုင်လဆန်းကနေ နိုဝင်ဘာ၊ ဒီဇင်ဘာလအထိ ကာလတွေဟာ မန္တလေးအိမ်ခြံမြေရောင်းဝယ်ငှားရာသီဖြစ်ပြီး ရာသီအစမှာပင် အခုလို အငှားဈေးကွက်

ကောင်းမွန်တာလို့ အကျိုးဆောင်အချို့က ဆိုပါတယ်။


အငှားဈေးကွက်ကောင်းမွန်သလို အငှားဈေးတွေက တက်တယ်။ (၂၆)လမ်း၊ လမ်း(၃၀)၊ (၃၅)လမ်း၊ သိပ္ပံလမ်းပေါ်ရှိနေရာတွေက မြေကွက်ကျယ်ကျယ်တွေ ပိုမိုဈေးတက်ပါတယ်။ ဒီနေရာတွေရဲ့ ငှားရမ်းခနှုန်းထားဟာ တစ်လ ပျမ်းမျှကျပ်သိန်း (၃၀)ခန့်ကနေရာပိုင်းအထိ ရှိတယ်။ ပြီးခဲ့တဲ့ (၂၀၁၇)ခုနဲ့ နှိုင်းယှဉ်ရင်

(၁၀)ရာခိုင်နှုန်းကနေ (၂၀)ရာခိုင်နှုန်းခန့်အထိ ဈေးတက်နေပါတယ်။

အများစုကတော့ ကားရှိုးရွမ်းတွေ၊ ဆိုင်ကယ်ရှိုးရွမ်းတွေ လုပ်ကိုင်ဖွင့်လှစ်ဖို့အတွက် ငှားရမ်းသလို စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်စတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးချဖို့ငှားရမ်းတာ များပါတယ်။ ကား၊ ဆိုင်ကယ်စတဲ့ စက်တပ်မော်တော်ယာဉ်အရောင်းပြခန်း အများစုကတော့ ဝပ်ရှော့လိုမျိုးတွေလည်း ထည့်သွင်းပါဝင်လာတာ ဖြစ်တဲ့အတွက် မြေနေရာကြီးကြီး လိုချင်ကြပါတယ်။



မန္တလေးမြို့မှာက မြေကွက်ကျယ်အငှားဈေးကွက်မှာ မြေရှားတဲ့အတွက် အခုလို ဈေးမြင့်လာတာလို့ အကျိုးဆောင်အချို့က ဆိုပါတယ်။ မန္တလေးမြို့ရဲ့ အဓိက လမ်းမကြီးတွေဖြစ်တဲ့ လမ်း(၃၀)၊ ၃၅လမ်း၊ (၆၂၊ ၇၈)လမ်းနဲ့ သိပ္ပံလမ်းပေါ်က မြေကွက်ကျယ်တွေ အငှားသွက်သလို စက်မှုဇုန်နဲ့ မြို့သစ်ရပ်ကွက်တွေရှိ မြေနေရာကျယ်ဝန်းတဲ့ နေရာတွေမှာလည်း အငှားဈေးကွက် ကောင်းမွန်နေပါတယ်။ အဓိက ပြည်ပက စီးပွားရေးလုပ်ငန်းတွေပြည်ပကုမ္ပဏီနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေက ငှားရမ်းတာများတယ်လို့ အကျိုးဆောင်အချို့ဆီက သိရပါတယ်။ မန္တလေးမြို့ အချက်အချာနေရာတွေမှာတင်သာမက အခြေခံလူတန်းစားတွေ အများဆုံးနေထိုင်ရာ ရပ်ကွက်တွေမှာလည်း အိမ်အငှားသွက်နေပြီး ငှားရမ်းနှုန်းထားတွေဟာ ပြီးခဲ့တဲ့ (၂၀၁၇)ခုကထက်စာရင် မြင့်တက်လာတယ်လို့ မြို့ခံအိမ်ခြံမြေ အငှားအကျိုးဆောင်အချို့က ပြောပါတယ်။