မန်းအိမ်ခြံမြေဈေးကွက်မှာ သိန်း၁ဝဝဝ ကနေ ၃ဝဝဝ ကြား လယ်မြေအချို့ အရောင်းအဝယ်ဖြစ်


မန္တလေးအိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်မှာ တစ်ဧက ကျပ်သိန်း  ၁ဝဝဝ ကနေ ၃ဝဝဝ ကြားတန်ဖိုးရှိ လယ်မြေအချို့ သည်ရက်ပိုင်း အရောင်းအဝယ်ဖြစ်စပြုနေတယ်လို့ အကျိုး ဆောင်အချို့က ဆိုပါတယ်။


မြို့အနီးပတ်ဝန်းကျင်ရှိ လူနေအကွက်အကွင်းတွေနဲ့ နီးစပ်တဲ့ဒေသတွေက လယ်မြေအချို့ အရောင်းအဝယ်ဖြစ်နေတာပါ။ လယ်ယာမြေဝယ်လက်အများစုဟာ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်လျှောက်ထားဖို့နဲ့ အကွက်ရိုက်ပြန်ရောင်းဖို့ ဝယ်တာများတယ်လို့ နယ်ခံအကျိုးဆောင်အချို့ဆီက စုံစမ်းသိရပါတယ်။


တစ်ဧက ကျပ်သိန်း ၁ဝဝဝ က နေ ၃ဝဝဝ ကြားတန်ဖိုးရှိ လယ်မြေ တွေအရောင်းအဝယ်ဖြစ်တယ်ဆိုပေမဲ့ လက်ရှိအရောင်းအဝယ်ဖြစ် ခဲ့တဲ့ဈေးတန်းတွေက ပြီးခဲ့တဲ့နှစ်ကနဲ့ယှဉ်ရင် ဈေးအရနည်းပါတယ်။ နေရာအခြေအနေပေါ်မူတည်ပြီး ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်အထိ ဈေးကျဆင်းတယ်လို့ သိရပါတယ်။


လယ်မြေအချို့အရောင်းအ ဝယ်ဖြစ်နေသလို သည်ရက်ပိုင်း မန္တလေးအိမ်ခြံမြေ အရောင်း အဝယ်ဈေးကွက်မှာ ကျပ်သိန်း ၁ဝဝဝ ဝန်းကျင်တန်ဖိုးရှိမြေကွက်တွေ အရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့ဆီက သိရပါတယ်။


အထူးသဖြင့် ပြည်ကြီးတံခွန်၊ ချမ်းမြသာစည် နဲ့ မဟာအောင်မြေ မြို့နယ်ရှိ မြေကွက်တွေ အရောင်းအဝယ်ဖြစ်နေတာလို့ သိရပါတယ်။


ဈေးကွက်က ဝယ်ရောင်းဝယ်တဲ့ဈေးကွက်မဟုတ်ဘဲ အမှန်တကယ် နေထိုင်အသုံးချအလုပ်လုပ်ဖို့ လာဝယ်တာတွေများတယ်။ ဝယ်ရောင်းသမားကတော့ အဝယ်ထက်ရောင်းချင်တဲ့သူပဲရှိ တယ်။ သည်အတွက် ဈေးကွက်က လက်ရှိမှာအရောင်းအဝယ်ဖြစ်တယ်ဆိုပေမဲ့ တောက်လျှောက် ဈေးကွက်ကောင်းဖို့ အလားအလာ မရှိဘူးလို့ အကျိုးဆောင်အချို့က ခန့်မှန်းပြောဆိုပါတယ်။


အိမ်ခြံမြေလွှဲပြောင်းရောင်းဝယ်ရာမှာ အခွန်ပေးဆောင်ဖို့ သတ်မှတ်တဲ့မန်းလေးမြို့ အိမ်ခြံမြေစံနှုန်း သတ်မှတ်ရာဖြတ်တန်ဖိုးတွေ လျော့ကျလာတယ်ဆိုပေမဲ့ အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်ကောင်းမွန်ဖို့က အလားအလာနည်းပါးနေတယ်လို့ သိရပါ တယ်။


ရာဖြတ်တန်ဖိုးစံနှုန်းသတ် မှတ်ချက်မှာ အရောင်းအဝယ်ဈေး ကွက်နဲ့မကိုက်ညီတဲ့ဧကအလိုက်စံနှုန်းသတ်မှတ်မှု၊ မြေပြင်ပေါက် ဈေးထက် စံနှုန်းသတ်မှတ်ချက်များပြားမှုတွေအပြင် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ တန်ဖိုးအလိုက် အခွန်ကောက်ခံ ရာမှာ အခွန်နှုန်းများပြားနေမှု စတာတွေက မန္တလေးအိမ်ခြံမြေ ဈေးကွက်ကျဆင်းမှုမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်တယ်သိရပါတယ်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက်  မန္တလေးအိမ်ခြံမြေရာဖြတ် တန်ဖိုးစံနှုန်းသတ်မှတ်ချက်ဟာ ယခင်စံနှုန်းသတ်မှတ်ချက်နဲ့ နှိုင်း ယှဉ်ရင် အချို့နေရာတွေမှာ ၁၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းထိ လျော့ကျတယ်လို့ သိရပါတယ်။


ခုလက်ရှိ အိမ်ခြံမြေဈေးနှုန်း ဟာ ငါးနှစ်အတွင်း (၂၀၁၃ ခုနှစ် ကထက်) ဈေးနှုန်း ၅၀ ရာခိုင် နှုန်းလောက်ကျဆင်းတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။ ဧကအလိုက် စံနှုန်းသတ် မှတ်တဲ့စနစ်ဟာ အရောင်းအဝယ် ဈေးကွက်သဘောနဲ့ ကိုက်ညီမှု မရှိဘဲဖြစ်နေလို့ ယခုနှစ်စံနှုန်း ထုတ်ပြန်ရာမှာ နေရာအနေအထားအလိုက် တစ်စတုရန်းပေ နှုန်းနဲ့ သတ်မှတ်ပေးဖို့ အကျိုး ဆောင်လုပ်ငန်းရှင်တွေဘက်က တောင်းဆိုခဲ့ပေမဲ့လည်း ရာဖြတ် တန်ဖိုးသတ်မှတ်ချက်မှာ ဧက အလိုက်စံနှုန်းသတ်မှတ်ထုတ်ပြန် ခဲ့တာ တွေ့ရပါတယ်။


ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ တန်ဖိုးအလိုက် အခွန်ကောက်ခံရာမှာ အခွန်နှုန်းများပြားနေပါတယ်။ ကျပ် သိန်း ၃ဝဝ နဲ့  အောက်ကို ၁၅ ရာ ခိုင်နှုန်း၊ ကျပ် ၃၀၁ သိန်းမှ ကျပ် သိန်း ၁ဝဝ၁ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ် ၃ဝဝ၁ သိန်း အထက် အခွန် ၃၀ ရာခိုင်နှုန်းအခွန်ပေးဆောင်ရ မှာဖြစ်ပါတယ်။ စံနှုန်းမှတ်ချက် လျှော့ချလို့ ပြည်ထောင်စုအခွန်ကောက်ဥပဒေအရ အခွန်ဆောင်ရမယ့်နှုန်းထားကို လျှော့ချပေးခဲ့ ရင်တော့ မန္တလေးအိမ်ခြံမြေဈေးကွက်က ကောင်းမွန်လာဖို့ မျှော်လင့်လို့ရတယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။


Credit: The Kumudra